စားချဉ့်ရည် ပြန်ကန်တက်ခြင်း (GERD) နဲ့ ခံတွင်းပြဿနာ
စားချင့်ရည် ပြန်ကန်တက်ခြင်း (Gastroesophageal Reflux Disease – GERD) ဆိုတာ အစာအိမ်ထဲက အက်စစ်ရည် (စားချင့်ရည်) တွေက ခံတွင်းနဲ့ အစာအိမ်ကို ချိတ်ဆက်ထားတဲ့ အစာမျိုပြွန်ကနေ အပေါ်ဘက်ကို ပြန်ကန်တက်လာတဲ့ အစာအိမ်ဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ သာမန် လေချဉ်တက်တာကတော့ ကျန်းမာရေးပြဿနာတစ်ခု မဟုတ်ပေမဲ့ ဒီလိုမျိုး မကြာခဏဆိုသလို ဖြစ်နေတတ်တယ်ဆိုရင်တော့ GERD ရောဂါအဖြစ် သတ်မှတ်လို့ ရပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ?
GERD ရောဂါရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
- ရင်ပူတာ (လှဲအိပ်နေချိန်၊ ညအိပ်ချိန်မှာ ပိုဆိုးနိုင်ပါတယ်)
- စားထားတဲ့အစာတွေ၊ စားချင့်ရည်တွေ ပျို့တက်တာ
- ဝမ်းဗိုက်အပေါ်ပိုင်း ဒါမှမဟုတ် ရင်ဘတ်အောင့်တာ
- အစာမျိုချရခက်တာ
- လည်ချောင်းမှာ အကျိတ်ရှိနေသလို ခံစားရတာ
- အဆက်မပြတ် ချောင်းဆိုးတာ
- အသံအိုးရောင်တာ
- အစာမကြေတာ
- ပန်းနာရင်ကျပ် ပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် နောက်ထပ် GERD နဲ့ တွဲဖက်ပြီး ပါလာတဲ့ ပြဿနာတစ်ခုကတော့ ခံတွင်းအနံ့ဆိုးပါပဲ။ ပုံမှန် ခံတွင်းသန့်ရှင်းမှုမရှိလို့ ထွက်တဲ့အနံ့လိုမျိုးမဟုတ်ဘဲ ချဉ်စူးစူးအနံ့၊ အရသာတစ်မျိုးကို ခံစားရပြီး အဲဒါက အစာအိမ်ထဲက အက်စစ်ရည်ကြောင့်ပဲ ဖြစ်ပါတယ်။
များသောအားဖြင့် GERD ရောဂါရှိသူတွေမှာ မကြာခဏဆိုသလို ခံတွင်းအနံ့ဆိုးထွက်တတ်ပြီး ဒါကို သက်သာစေဖို့နဲ့ ကာကွယ်ဖို့အတွက်ဆိုရင် အခုပြောပြမယ့် Lifestyle ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာလိုက်နာသင့်ပါတယ်။
- အစာစားပြီး အနည်းဆုံး ၂ - ၃ နာရီလောက်ခြားပြီးမှ လှဲအိပ်ပါ။
- ခေါင်းအောက်မှာ အနည်းငယ်မြင့်တဲ့ ခေါင်းအုံးတွေ ခံအိပ်ပေးပါ။
- အစာစားတဲ့အခါ ပမာဏအများကြီး မစားဘဲ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ စားပေးပါ။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
- အချိုဓာတ်မပါတဲ့ ပီကေဝါးပေးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို လျော့ပါးစေနိုင်ပါတယ်။
- အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားပေးပါ။
- ကဖင်းဓာတ်၊ အယ်လ်ကိုဟောလ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ အစပ်၊ အကြော်တွေကို တတ်နိုင်သလောက် ရှောင်ပါ၊ လျှော့စားပါ။
- တစ်နေ့တာလုံးမှာ ရေများများသောက်ပေးပါ။
- အကယ်လို့ စားချင့်ရည်ပြန်ကန်တက်ပြီး ခံတွင်းအနံ့မကောင်းတော့ဘူးလို့ ထင်ရင် ပလုတ်ကျင်းပေးပါ။
စားချင့်ရည်ပြန်ကန်တက်ခြင်းဟာ အဖြစ်များတဲ့ အစာအိမ်ဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ GERD ရှိတယ်လို့ သံသယရှိတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။
ဆရာဝန်အနေနဲ့ အသားစနမူနာယူတာ၊ X Rays ရိုက်တာ စတဲ့နည်းလမ်းတွေနဲ့ ရောဂါစစ်ဆေးမှာဖြစ်ပြီး GERD ရှိတယ်လို့ အတည်ပြုပြီးရင်တော့
- Antacids
- H-2 Receptor Blockers
- Baclofen စတဲ့ သောက်ဆေးတွေကို ညွှန်းပေးပြီး အပေါ်မှာပြောထားတဲ့ နေထိုင်စားသောက်မှုပုံစံ ပြင်ဆင်ခြင်းနဲ့ ရောဂါလက္ခဏာကို ထိန်းပေးဖို့ အကြံပေးပါလိမ့်မယ်။
အရမ်းဆိုးရွားနေတဲ့ အခြေအနေမျိုးမှာပဲ ဆရာဝန်ဘက်ကနေ ခွဲစိတ်ကုသမှုခံယူဖို့ အကြံပေးမှာဖြစ်ပါတယ်။
GERD ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာ မဟုတ်တဲ့တိုင်အောင် ကိုယ့်တစ်နေ့တာကို အနှောင့်အယှက် ကောင်းကောင်းပေးနိုင်တာကြောင့် ရောဂါရှိမှန်းစောစောသိရင် သင့်တော်တဲ့ ကုသမှုတွေ ခံယူလို့ ပိုမဆိုးလာအောင် ကာကွယ်ထိန်းသိမ်းသင့်ပါတယ်။
ရဲမျိုးမြတ်